COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၈၅၈) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉၆) ဦး တွေ့ရှိရပါသည်။
ထိုကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၈၁) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၂၃၄,၅၅၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၃,၆၀၄) ဦး ရှိပြီ ဖြစ်ပါသည်။