တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး /ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းသော၊ စွမ်းရည် ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြေးခုန်ပစ် ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းမှ တံခွန်စိုက်ဆုဖလားများရရှိထားပြီး ဆက်လက်၍ လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် ပြေးခုန်ပစ်အသင်းမှ တစ်ဦးချင်းဆုနှင့် အသင်းလိုက်ဆုဖလားများ ရရှိအောင် စိတ်ဓာတ်စည်းကမ်းပြည့်ဝစွာ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလ အတွင်း ကိုဗစ်(၁၉) စည်းကမ်းချက်နှင့် အညီ နေထိုင်သွားလာကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန် ဩဝါဒစကားပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှုနှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား နေပြည်တော်၌ ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ ပြေးခုန်ပစ်အားကစားသမား(၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *