မတ္တရာမြို့နယ်၊ ကင်းကျေးရွာ၊ တောင်ကျောင်းဆရာတော်အား PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်

နေပြည်တော်၊ ဧပြီ – ၃

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာရှိ တောင်ကျောင်းဆရာတော် ဘဒ္ဒန္တ သုစရိတ (ဝါတော် ၂၇ ဝါ၊ သက်တော် ၄၇ နှစ်) သည် အခန်းအတွင်း သီတင်းသုံးနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကိုရင်များနှင့် ကပ္ပိယများအား အကြမ်းဖက်သမား ၇ ဦးခန့်က သေနတ်ဖြင့် ချိန်ရွယ်ထားပြီး ကျန်အကြမ်းဖက်သမားများက ဆရာတော်အား သေနတ်ဖြင့် ၁၁ ချက်ခန့် ရက်ရက် စက်စက်ပစ်ခတ်၍ ဆိုင်ကယ်များဖြင့် ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်သည် နောက် ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာနားအောက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဝဲလက်ဖျံကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွား ရာ နေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်အား မတ္တရာမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားသည် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ် ထားရာ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ဆရာတော်၊သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများကိုပါမကျန် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိရာ ယနေ့အထိ သံဃာတော် ၃၂ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁ ပါးတို့ ပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source: တပ်မတော်သတင်းမှန်ပြန်ကြားရေး

Leave a Reply

Your email address will not be published. Required fields are marked *