အကြမ်းဖက်သမားများက စာသင်ကျောင်းများကို ဖောက်ခွဲမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၆) ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီလ (၁) ရက်၊ ည ၁၂ နာရီ မိနစ် ၂၀ တွင် တက္ကသိုလ်၏ အရှေ့ဘက် ကိုက် ၃၀၀ ခန့်အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ၄ ချက် ပစ်ခတ်ခဲ့ရာ တက္ကသိုလ်ဝင်းအတွင်း ဗုံးသီးအချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ကျောင်းရှိ အဆောင်အမိုးသွပ်၊ မျက်နှာကျက်၊ ပြူတင်းတံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံအတွင်း ဧပြီလ (၂) ရက်နေ့ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်တွင်အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်းအနီးရှိ ကျောင်းဆောင်များမှ ပြူတင်းတံခါးမှန်များ၊ တံခါးမကြီးမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အထက (၁) ကျောင်းဝင်းအတွင်း ဆောက်လုပ်ဆဲ နှစ်ထပ်စာသင်ဆောင်အနီး ရေမြောင်းအတွင်း၌ ဧပြီလ (၂) ရက်နေ့ ညနေ (၄) နာရီ (၃၅) မိနစ်အချိန်တွင် အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့၊ အင်ရောရပ်ကွက်နေ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဦးရိုမီယိုနှင့် ဦးတိန်ဇာလျန်တို့သည် ဧပြီလ (၂) ရက်နေ့ ညနေ (၄) နာရီ (၄၀) မိနစ်အချိန်က ရေဇွာမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းတံခါးများ ပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *