စင်ကာပူနိုင်ငံမှ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား (၈၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၁၇-၁-၂၀၂၂ (တနင်္လာနေ့)၊ ဒေသစံတော်ချိန် (၁၅:၁၈) နာရီတွင် (၈၇)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ်ပြန်ကြသူများ အပါအဝင် စုစုပေါင်း (၁၁၄)ဦး လိုက်ပါသွားကြသည်။
လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *