ဆူပူအကြမ်းဖက်သူလူအုပ်စုများက လက်ပစ်ဗုံး၊လက်လုပ်ဗုံးနှင့်လက်လုပ်မိုင်းများအသုံးပြု၍အကြမ်းဖက်မှုလုပ်ရပ်များအားလုပ်ဆောင်

ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၁၁)ရပ်ကွက် မြိုင်လမ်းနှင့် ရွှေလမ်းကြားရှိ ANGEL အထည်ဆိုင်အတွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းသူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က လပ်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ဆိုင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိနေသည့် ဆိုင်ပိုင်ရှင် မခင်တိုးဝေ(၂၅)နှစ် (ဘ)ဦးဆန်းရွှေတွင် မျက်နှာ၊ လည်ပင်း၊ ရင်ဘက်နှင့် ဝဲခြေထောက်တို့၌ ဗုံးစ ထိမှန်ဒဏ်ရာ ၁၀ ချက်၊ ၎င်း၏ခင်ပွန်းဖြစ်သူ ကိုရာဇာဌေး(၂၈)နှစ် (ဘ)ဦးသန်းဌေး၏ ရင်ဘက် ယာဘက်အခြမ်း၌ ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ၎င်း၏မောင်ဖြစ်သူ စည်သူအောင် (၂၂)နှစ်တွင် မျက်နှာ၊ ကျောပြင်နှင့် တင်ပါးတို့၌ ဗုံးစထိမှန်ဒဏ်ရာ ၃ ချက်တို့ ရရှိခဲ့သဖြင့် ပခုက္ကူမြို့ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
            အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက် သုမင်္ဂလာလမ်းနှင့် ပါရမီလမ်းထောင့်ရှိ မြို့နယ်လျှပ်စစ်ရုံး  ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းရုံး ဝင်ပေါက်အနီးလမ်းဘေး၌ ရပ်တန့်ထားသည့်  မြို့နယ်လျှပ်စစ်ရုံးပိုင် YGN 8J-2099 Forland အဖြူရောင် ယာဉ်အောက်မှ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့်  Forland ယာဉ်၏ ယာဘက်အခြမ်း နောက်ကြည့်မှန်၊ ရှေ့မီးကြီးနှင့် ဘန်ဘာတို့ ပျက်စီးခဲ့ပြီး အဆိုပါနေရာအနီးဖြတ်သန်းသွးလာသည့် တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ အမှတ်(၆၅၀)နေကိုစိုးမြတ်ကို(၂၇)နှစ် (ဘ)ဦးဝင်းနိုင်၊ မလင်းထက်ထက်လှိုင်(၂၄)နှစ် (ဘ)ဦးသီရိလှိုင်နှင့် ရုံးအနီးရှိ “ရွှေကြယ်”ဟော့ပေါ့ဆိုင်၌ မုန့်စားနေကြသည့် (၄)ရပ်ကွက်၊ ပါရမီလမ်း၊ အမှတ်(၈)နေ မဖြိုးန္ဒာကျော်(၂၂)နှစ် (ဘ)ဦးရဲဝင်းလေး၊ မစိုးန္ဒာကျော်(၂၀)နှစ် (ဘ)ဦးရဲဝင်းလေးနှင့် ကိုကျော်သက်ဝေ(၂၉)နှစ် (ဘ)ဦးစိုးနိုင်တို့ ၅ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာအချို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
            အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား တစ်ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ရုံးဘေးရှိ“လှကေသာ” အလှပြင်ဆိုင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အလှပြင်ဆိုင်ရှေ့ မှန်တံခါးမကြီးကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
            အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ထန်းတပင်မြို့နယ်၊ ကျီတော်ကျေးရွာနေ ဦးစိုးတင့်(၅၅)နှစ် (ဘ)ဦးရဲမြင့်၏ နေအိမ်ရှေ့လမ်းပေါ်၌ အကြမ်းဖက်သမား များက လက်လုပ်မိုင်းတစ်လုံးထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်အား စစ်ဆေးပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျီတော်ကျေးရွာနှင့် တပြေးကျေးရွာချင်းဆက်လမ်း၊(၆)မိုင်ကွေ့ဘုရားအနီးအရောက်၌ အကြမ်းဖက်သမား (စိစစ်ဆဲ)က လက်လုပ်ရှော့တိုက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်သည့်နေရာတဝိုက်အား ရှင်းလင်းစစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၃ လုံးအား ဝါယာကြိုးဖြင့် ချိတ်ဆက်ထားသည်ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
            အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် လေးထောင့်ကန်လမ်းမပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လေးထောင့်ကန်လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး အဆိုပါနေရာအနီး လမ်းအလယ်ရှိ သံပန်း၌ ဆန့်ကျင်စာသား ရေးသားထားသည့် ပိတ်စအား ချိတ်ဆွဲထားပြီး ၎င်းပိတ်စအောက်ခြေ၌ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်း ၂ လုံးထည့်ထားသည့် အထုပ်တစ်ထုပ်အား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Soruce: Myanmar Police Force

Leave a Reply

Your email address will not be published. Required fields are marked *